Wednesday, September 26, 2012

... တရားမျှတမူမရှိရင် ငြိမ်းချမ်းရေးဆိုတာမရှိနိင်ဘူး ...

ရှမ်းလက်နက်ကိုင်များကိစ္စနှင့် ပတ်သတ်၍ မြန်မာစစ်တပ်နှင့် KIA ထိပ်တိုက်တွေ့

ရှမ်းပြည် လွတ်မြောက်ရေး တပ်မတော်-မြောက်ပိုင်း SSA (N) နှင့်ပတ်သက်၍ ရှမ်းပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား တင်းမာမှု ထပ်မံ ပေါ်ပေါက်လျက် ရှိသည်ဟု Kachin News Group (KNG) က မနေ့က ပြောကြားသည်။ ဧပြီ လဆန်း ပိုင်းတွင် မြန်မာ အစိုးရ တပ်ဖွဲ့များက ရှမ်းစစ်သားများကို ရှာဖွေရန် အတွက် KIA အမှတ် ၄ တပ်မဟာ၏ နယ်မြေများဖက်သို့ ဦးတည်လာခဲ့ခြင်းကြောင်း ရှမ်းပြည် မြောက်ပိုင်းတွင် အချိန်မရွေး စစ်ဖြစ်လာနိုင်ကြောင်း KIA တာဝန်ရှိသူများက ပြောဆိုခဲ့ကြသည်။

KIA တပ်မဟာ ၄ အခြေစိုက်သော ဒေသမှာ ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် အနီးမှ လွိုင်ကန်ဖြစ်သည်။ KIA တပ်မဟာ ၄ သည် ရှမ်းပြည် မြောက်ပိုင်းတွင် တပ်ရင်း ၅ ရင်း ဖွဲ့စည်းထားပြီး တပ်ရင်း ၁၇တပ်ရင်း ၂၉ တို့နှင့် အနီးဆုံး နယ်မြေများတွင် မြန်မာအစိုးရ တပ်ဖွဲ့များနှင့် SSA-N တို့ လတ်တလော တိုက်ပွဲ ဖြစ်ပွားနေသည်။
 ကချင်လွတ်မြောက်ရေးတပ်မတော်၏ စစ်သင်တန်းပို့ချနေစဉ်

တစ်ချိန်ထဲတွင် KIA တပ်ရင်း ၂ တပ်ရင်း ၈ တပ်ရင်း ၉ နှင့် လွိုင်ကန် တပ်မဟာ ဌာနချုပ် တို့၏ နယ်နမိတ်စည်းများ အပြင်ဖက်တွင် မြန်မာ အစိုးရ တပ်ဖွဲ့များ နေရာယူ တပ်စွဲထားကြောင်း၊ သို့သော်လည်း ယခုအချိန်ထိ KIA နယ်မြေများထဲသို့ ဝင်လာခြင်း မရှိသေးကြောင်း တပ်မဟာ ၄ သတင်းရပ်ကွက် အဆိုအရ သိရှိရသည်။ မြန်မာနိုင်ငံ၏ ဒုတိယ အင်အား အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အုပ်စု ဖြစ်သည့် KIA တွင် တပ်မဟာ ၅ ခုရှိ၍ ၎င်းတို့အနက် တပ်မဟာ ၄ ခုမှာ ကချင်ပြည်နယ်တွင် အခြေစိုက်သည်။ ၎င်းတို့တွင် တပ်ရင်း ၃၀ ခန့် ဖွဲ့စည်းထားကာ အမြဲတမ်းနှင့် အရံ တပ်ဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း အင်အား ၃၀၀၀၀ ကျော် ရှိသည်ဟု KIA က ပြောကြားသည်။


KIA တပ်ဖွဲ့များသည် မြန်မာ အစိုးရ တပ်ဖွဲ့များနှင့် တိုက်ခိုက်ရန် အသင့်အနေအထား ရှိနေကြောင်းနှင့် တားမြစ်ထားသော နယ်မြေ ပိုင်နက် များထဲသို့ မြန်မာအစိုးရတပ်များ ဝင်ရောက်လာပါက KIA အနေဖြင့် အခြား ရွေးချယ်စရာ မရှိကြောင်း KIA  တပ်မဟာ ၄ ဥက္ကဌ  လဖိုင်ဇော်ရော်က ပြော ကြားခဲ့သည်ဟု KNG သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ တပ်မဟာ ထိန်းချုပ် နယ်မြေထဲသို့ မြန်မာ အစိုးရတပ်ဖွဲ့များ ထိုးဖောက် ဝင်ရောက်လာသည်နှင့် စစ်ရေးအရ တုန့်ပြန် ဆောင်ရွက်ရန် တပ်မဟာ ၄ ကို ညွှန်ကြားထားသည်ဟုလည်း KIA တာဝန်ရှိသူများက ပြောကြားသည်။

တပ်မဟာ ထိန်းချုပ် နယ်မြေအတွင်းသို့ ဝင်ရောက် လွတ်မြောက်သွားသော SSA-N တပ်သားများကို ရှာဖွေမည့် မြန်မာ အစိုးရတပ်များ၏ အကြောင်းပြချက်ကို တပ်မဟာ ၄ က ပယ်ချခဲ့သည်။ KIA နယ်မြေထဲသို့ မြန်မာ အစိုးရတပ်များ မည်သည့် အကြောင်းပြချက်နှင့်မှ ဝင်ရောက်ခွင့် မရှိပါဟု လဖိုင်ဇော်ရော်က ဆိုသည်။

မြန်မာ အစိုးရတပ်များနှင့် SSA-N အကြားမှ နောက်ဆုံး တိုက်ပွဲ အခြေအနေများကို KIA က အနီးကပ် စောင့်ကြည့်နေကြောင်း KIA တာဝန်ရှိ သူများ၏ ပြောကြားမှုအရ သိရှိရသည်။ KIA နှင့် SSA-N နှစ်ဖွဲ့စလုံးသည် တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့ဖြင့် အသစ် ထူထောင်ထားသော နိုင်ငံရေးနှင့် စစ်ရေး မဟာမိတ် ကောင်စီ United Nationalities Federal Council (UNFC) တွင် အဖွဲ့ဝင်များ အဖြစ် ပါဝင်ကြသည်။ မြန်မာစစ်တပ်နှင့် SSA-N အကြား ဖြစ်ပွားသော လက်ရှိ တိုက်ပွဲသည် ယခင်လက ဖွဲ့စည်းခဲ့သည့် UNFC ကောင်စီကို အကဲစမ်းခြင်း ဖြစ်သည်ဟု တရုတ် နယ်စပ်မှ စစ်ရေး အကဲခတ်များက မှတ်ချက်ပေးကြသည်။

ရှမ်း-မြောက် အခြေစိုကKIA တပ်မဟာ ၄ ၏ လက်အောက်တွင် တပ်ရင်း ၅ ရင်းနှင့် ပြည်သူ့စစ် ကာကွယ်ရေး တပ်ဖွဲ့ ၅ ဖွဲ့ရှိပြီး အင်အား ၄၀၀၀ ကျော်ရှိသည်။ အစောပိုင်းတွင် မြန်မာ အစိုးရက KIA တပ်မဟာ ၄ ကို မြန်မာ့တပ်မတော် လက်အောက်ခံ ဒေသခံ ပြည်သူ့စစ် တပ်ရင်း ၃ ရင်း အဖြစ် အသွင်ပြောင်းရန်နှင့် သို့မဟုတ်ပါက ကချင်ပြည်နယ် အတွင်းသို့ ပြောင်းရွှေ့ ဆုတ်ခွာရန် ဖိအားပေးခဲ့သည်။
ထိုကဲ့သို့ တပ်မတော် အစိုးရ၏ အဆိုပြုချက်ကို KIA က ပယ်ချခဲ့ပြီး အကယ်၍ ရှမ်း-မြောက် အခြေစိုက် တပ်မဟာ ၄ ကို မြန်မာစစ်တပ်က စတင် ထိုးစစ်ဆင် တိုက်ခိုက်ပါက ကချင်ပြည်နယ်တွင် စစ်ပွဲ ဖြစ်ပွားလိမ့်မည်ဟု ပြန်လည် သတိပေးခဲ့သည်။

မြန်မာ တပ်မတော် အစိုးရက မနှစ်က အောက်တိုဘာ ၁၅ ရက်တွင် KIA တပ်ဖွဲ့ကို သောင်းကျန်းသူများဟု ခေါ်ဝေါ်ခဲ့သည်။ ယင်းစွပ်စွဲချက် ကို KIA က ပယ်ချကာ ၁၉၉၄ အပစ်ရပ် သဘောတူညီချက်ကို ယနေ့တိုင် ထိန်းသိမ်းလျက် ရှိသည်။ ယာယီ စစ်ပြေငြိမ်းမှုသည် မြန်မာ အစိုးရကြောင့် ၂၀၁၀ စက်တင်ဘာတွင် ပျက်ပြားသွားရသည်ဟု KIA တာဝန်ရှိသူများက ဆိုသည်။

ဘန်ကောက် အခြေစိုက် KIO နိုင်ငံခြား ဆက်ဆံရေး လက်ထောက် ဌာနမှူး ဂျိမ်းစ်လွမ်ဒေါင်က သတင်းထောက်များအား ပြောကြားရာ၌ မြန်မာ စစ်တပ်နှင့် ဖြစ်ပွားနိုင်သည့် စစ်ပွဲသည် မြန်မာ အစိုးရ၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ လုံးဝ မူတည်နေကြောင်းနှင့် KIA တပ်ဖွဲ့၏  စတင် ကျူး ကျော် တိုက်ခိုက်မှု လုံးဝ ရှိလိမ့်မည် မဟုတ်ကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ယခုကဲ့သို့ စစ်ရေး တင်းမာမှု ကြီးထွားနေသည့် အတောအတွင်း KIA ၏ နိုင်ငံရေး ဌာနခွဲ KIO က တပ်မတော် ကျောထောက်နောက်ခံပြု မြန်မာ အစိုးရ အဖွဲ့သစ်နှင့် နိုင်ငံရေး ဒိုင်ယာလော့ ဆွေးနွေးရန် လိုလားနေကြောင်း လိုင်ဇာ ဌာနချုပ်မှ KIO တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ သိရှိရ သည်။

အပစ်အခတ် ရပ်စဲမှု ၁၆ နှစ်တာ ကာလအတွင်း နိုင်ငံရေး ဒိုင်ယာလော့ လုံးဝ မရှိခဲ့ပဲ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မတိုင်မီ လက်နက်ချ ရန် နှင့် မြန်မာ့တပ်မတော် လက်အောက်ခံ နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းရန် KIO ကို ခြိမ်းခြောက်မှုသာ ရှိခဲ့သည်။KIO က နယ်ခြားစောင့်တပ် အစီအစဉ်ကို ငြင်းပယ်ခဲ့ပြီး ၎င်း၏ လက်နက်ကိုင်အဖွဲ့ အသွင်ပြောင်းရမည့် အစီအစဉ်ကို လက်မခံနိုင်ဟု ပြောကြားခဲ့သည်။

(Asia Correspondent မှ ဆောင်းပါးကို ဘာသာပြန်သည်။)  

No comments:

Post a Comment