Wednesday, August 29, 2012

ဒီလှိုင်းရုံးရှေ့တွင် ဗုံးတွေ့ရှိ

28
စိုင်းထွန်းအောင်လွင်
ဗဟန်းမြို့နယ်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ယာ မြေညီထပ်ရှိ ဒီလှိုင်းစာစောင်ရုံးရှေ့တွင် ဗုံးဟုယူဆရသော အရာတစ်ခုကို သြဂုတ်လ ၂၈ ရက်နေ့ နံနက်က တွေ့ရှိခဲ့ကြောင်း ဒီလှိုင်းစာစောင် တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ဗုံးဟုယူဆရသော အနက်ရောင် ပလပ်စတစ်အိတ်ဖြင့်ထုပ်ထားသည့် အထုပ်ကို နံနက် ၇ နာရီခန့်က ဒီလှိုင်းဂျာနယ် ရုံးရှေ့၊ ထရန်စဖော်မာ အနီးတွင် ရပ်ထားသော Froward ကုမ္ပဏီပိုင် Suzuki Pick Up ကားနောက်ခန်းပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စတွေ့တာက အဲဒီကုမ္ပဏီက ကားသမားက စတွေ့တာပါ (၇)နာရီလောက်ကပေါ့၊ နောက်ခန်းဘယ်ဘက်ထောင့်မှာ ကျွတ်ကျွတ်အိတ်နဲ့ ထမင်းဘူးပုံစံ ထုပ်ထားတယ်။ အဲဒါနဲ့ ကားသမားက ရပ်ကွက်အုပ်ချုပ်ရေးမှုးကို အကြောင်းကြားတယ်၊ ကျွန်တော်ရုံးတံခါးလာဖွင့်တော့ ရပ်ကွက်လူကြီး ရောက်နေပြီ” ဟု ဒီလှိုင်းစာစောင်မှ သတင်းထောက် ကိုကျော်အေးနိုင်က ပြောသည်။
ထို့နောက်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့၊ သတင်းတပ်ဖွဲ့၊ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ရောက်လာပြီး အဆိုပါအထုပ်အား လာရောက်စစ်ဆေးခဲ့ကြောင်း၊ ရေသန့်ဗူးထဲတွင် သံစ သုံးပုံတစ်ပုံခန့်ထည့်ထားပြီး အပေါ်တွင် ဂဏန်းပေါင်းစက်ကို ၀ါယာကြိုးဖြင့် ဗူးနှင့် ဆက်သွယ်ထားသည်ကို  တွေ့ရကြောင်း၊ စနက်တံနှင့် ယမ်းမပါရှိသော်လည်း ဖွဲ့စည်းတည်ဆောက်ပုံအရ  ဗုံးအဖြစ် တည်ဆောက်ထားသည်ဟု တာဝန်ရှိသူများက မှတ်ချက်ပေးကြောင်း၊ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ဆေးမှု ပြီးဆုံးပြီး အဆိုပါ ဗုံးဟု ယူဆရသော အရာကို တာဝန်ရှိသူများက ယူဆောင်သွားခဲ့ကြောင်း ဒီလှိုင်းဂျာနယ် တာဝန်ရှိသူများထံမှ သိရသည်။
“တာဝန်ရှိတဲ့ စစစ၊ SB တို့က ဒီနားဝန်းကျင်မှာရှိတဲ့ ပါတ်ဝန်းကျင် အခန်းတွေကို လိုက်မေးတယ်၊ ဒီလှိုင်းစာစောင်ရုံးခန်းကြောင့် ဒီလိုဖြစ်တယ် ထင်သလားဆိုပြီး၊ ကျွန်တော်တို့ ကိုယ်တိုင်လည်း ရုံးရှေ့မှာလည်းဖြစ်၊ လာတင်တဲ့ကားကလည်း ရုံးကကားနဲ့ ခပ်ဆင်ဆင် ကားပေါ်တင်သွား၊ အနီးမှာ ထရန်စဖော်မာလည်းရှိတော့ သံသယတော့ ဖြစ်မိတယ်” ဟု ဒီလှိုင်းစာစောင်မှ သတင်းထောက် ကိုကျော်အေးနိုင်က ပြောသည်။
အဆိုပါ ဗုံးတင်သွားသော ကားနောက်နေရာတွင် ယခင်ရက်များက ဒီလှိုင်းစာစောင်ရုံးပိုင် တိုယိုတာ လိုက်အေ့ကားမှာ ရပ်ထားလေ့ရှိကြောင်း ပါတ်ဝန်းကျင်နေအိမ်များ၏ ပြောပြချက်အရ သိရသည်။

Share This Article

No comments:

Post a Comment