Wednesday, August 22, 2012

အထူးခြားဆုံး အားကစားသတင်း ၁၀ ပုဒ်

အထူးခြားဆုံး အားကစားသတင်း ၁၀ ပုဒ်


အားကစားကို ၀ါသနာပါသူတစ်ယောက်ဖြစ်ပါက သို့မဟုတ် ဗဟုသုတရှာမှီးသူဖြစ်ပါက သို့မဟုတ် အပျင်းပြေစာဖတ်လိုသူဖြစ်ပါက ယခုအားကစားသတင်းဆယ်ပုဒ် ကို ဖတ်ရန် တိုက်တွန်းလိုပါသည်။
   နှစ်ပေါင်း ၃၉ နှစ်အတွင်း မြန်မာနိုင်ငံသို့ ဖီဖာဥက္ကဋ္ဌပထမဆုံး အကြိမ်လာရောက်
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ဥက္ကဋ္ဌ ဆပ်ဘလတ္တာသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ မတ် ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ နှစ် ရက်ကြာလာရောက်ခဲ့ပြီး မန္တလေး ဘောလုံးအကယ်ဒမီအား ဖွင့်လှစ် ပေးခဲ့သည်။ ဖီဖာဥက္ကဋ္ဌတစ်ဦးအနေဖြင့် မြန်မာနိုင်ငံခရီးစဉ်သည် ဒုတိယအကြိမ်မြောက် လာရောက်ခြင်း ဖြစ်ပြီး ၎င်းရှေ့တွင် ၁၉၇၂ ခုနှစ်က ဖီဖာဥက္ကဋ္ဌဖြစ်သူ ဆာစတန် လေရော့စ်လာရောက်ခဲ့ဖူးသည်။
သမိုင်းမှတ်တမ်းဆိုး ရေးထိုးခဲ့သည့်  မြန်မာ-အိုမန်ပွဲစဉ်
ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ဒုတိယအဆင့် (ဒုတိယအကျော့) ပွဲစဉ်အဖြစ် ဇူလိုင် ၂၈ ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော မြန်မာနှင့် အိုမန်ပွဲစဉ်သည် ပရိသတ်ကိုမထိန်းနိုင်သဖြင့် ပွဲချိန်မပြီးဆုံး ခင် ရပ်နားခဲ့ရသော ပထမဆုံးနိုင်ငံတကာပွဲ ဖြစ်ခဲ့သည်။ပထမပိုင်း၌ အိုမန်အသင်းက ဦးဆောင်ဂိုးနှစ်ဂိုး ရရှိထားချိန်တွင် ပရိသတ်များက ကွင်းအတွင်းသို့ ပစ္စည်းပေါင်းစုံဖြင့် ပစ်ပေါက်ခဲ့ကြပြီး ဧည့်သည် အသင်းနည်း ပြအဖွဲ့ဝင်တစ်ဦးမှာ ဦးခေါင်း၌ ဒဏ်ရာရရှိခဲ့သည်။ ဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကိုယ်တိုင် ပရိသတ်ကိုထိန်းဖို့ ကြိုးစားခဲ့သော် လည်း လက်လျော့ခဲ့ရသည်။
ဘောလုံးအဖွဲ့ချုပ်သည် အ ဆိုပါပွဲစဉ်တွင် ရိုးရိုးတန်းဝင်ပေါက်များအား အခမဲ့ဝင်ရောက် ခွင့်ပေးခဲ့ပြီး ပုံမှန်ပရိသတ်နှစ်သောင်းဝန်းကျင်ဆံ့သည့် သုဝဏ္ဏကွင်းမှာ ပရိသတ်လေးသောင်း ၀န်းကျင်အထိ ၀င်ရောက်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို အရေးယူမှုများပြုလုပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးကြည့်သောဘောလုံးပွဲ
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး ဆယ်လအကြာ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၏ ဖိတ် ကြားချက်အရ သုဝဏ္ဏဘောလုံးကွင်းအတွင်းသို့ ပထမဆုံးအကြိမ်ရောက်ရှိလာသည်။ သူမက အာဆီယံယူ-၁၉ ပွဲ စဉ်တစ်ခုဖြစ်သည့် မြန်မာ- လာအို ပွဲစဉ်အား လာရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး၊ ပွဲအစအဆုံးအားပေးခဲ့ကာ ဘောလုံးအားကစားနှင့် ပတ်သက်သည့် သိလိုသည်များကို အဖွဲ့ချုပ်ဥက္ကဋ္ဌထံ စိတ်ဝင်တစားမေးမြန်းခဲ့သည်။
ဆုကြေးများက ဘောလုံးသမားတွေကို ဖျက်ဆီးခြင်း
၂၀၁၁ အာရှဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌဖလား နောက်ဆုံးအ ဆင့်ပြိုင်ပွဲကို စက်တင်ဘာလအ တွင်းက တရုတ်(တိုင်ပေ)နိုင်ငံ၌ ကျင်းပခဲ့ရာ ၎င်းပြိုင်ပွဲ၏ လက်ရှိ ချန်ပီယံရတနာပုံအသင်း(မြန်မာ)သည် ပြိုင်ဘက်အသင်းများကို ဂိုး ပြတ်ရှုးနိမ့်ခဲ့သည်။ ရတနာပုံသည် ကမ္ဘောဒီးယား ကလပ်ဖနွမ်းပင်ကရောင်းအသင်း အား ၀-၄ ဂိုး၊ ကာဂျစ္စတန်ကလပ်နစ်ဖ်ချီအသင်းအား ၂-၈ ဂိုးဖြင့် စုစုပေါင်းပေးဂိုး ၁၂ ဂိုးအထိ ဂိုးအလှူပေးအိမ်ပြန်ခဲ့သည်။
ပြည်တွင်း မြန်မာနေရှင်နယ်လိဂ် ၂ နှစ်ဆက်ချန်ပီယံ အသင်းမှာ ၂၀၁၁ ခုနှစ်၌တွင်လည်း ခြေ စွမ်းဆိုးရွားခဲ့ပြီး ၁၂ သင်းပြိုင် သောပြိုင်ပွဲတွင် အဆင့် ၉ သာ ရရှိသည်အထိ အခြေအနေဆိုးခဲ့သည်။ အသင်းတွင် စည်းလုံးမှုပြိုကွဲမှုများ ဖြစ်ပေါ်ခဲ့ကာ ချီးမြှင့်ခဲ့သော ဆုကြေးများက ဘောလုံး သမားအချို့ကိုပျက်စီးစေခဲ့ကြောင်း အသင်းပိုင်ရှင်က ဖွင့်ဟ ၀န်ခံခဲ့သည်။ ဒေါက်တာစိုင်းဆမ်ထွန်း၏ စကားက အောင်မြင်မှုမယ်မယ်ရရမရသေးသော မြန်မာနေရှင်နယ်လိဂ်အတွက် သတိပေးစကား တစ်ခုဖြစ်သည်။
ပထမဆုံး ဘောလုံး အလုပ်ရုံဆွေးနွေးပွဲ
မြန်မာ့ဘောလုံးသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဘောလုံးတိုးတက်ရေးအတွက် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို အောက်ဆိုဘာ ၁၈ ရက်မှ ၁၉ ရက်အထိ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ညသန်းခေါင်ယံ အချိန်မှ ဆုဖလားကိုင်မြှောက်ခွင့် ရခဲ့သည့် ချန်ပီယံ
ညသန်းခေါင်ယံအချိန်မှ ပြီး ဆုံးခဲ့သည့် အာဆီယံ ယူ-၁၉ ဗိုလ်လုပွဲသည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် နိုင်ငံတကာပွဲစဉ်များအနက် အချိန် နောက်ကျဆုံးသော ဘောလုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထိုအပြင် သုဝဏ္ဏကွင်းညံ့ဖျင်းမှုကိုလည်း ပြိုင်ပွဲဝင်အသင်းအားလုံးနီးပါး မှတ်တမ်းတင်ခဲ့ရသည်။
မိုးသည်းထန်စွာ ရွာသွန်းပြီး ဆိုးရွားခဲ့သည့် သုဝဏ္ဏကွင်းအခြေအနေကြေင့် တတိယလုပွဲအား ညနေငါးနာရီခွဲမှ စတင်နိုင်ခဲ့သည်။ ၎င်းပွဲစဉ်ပြီးနောက်ဆက်လက် ကျင်းပခဲ့သည့် ဗိုလ်လုပွဲစဉ်သည် အချိန်ပို၊ ပင်နယ်တီအဆုံး အဖြတ်များကြောင့် ချန်ပီယံထိုင်းအသင်း၏ ဆုဖလားကိုင်မြှောက်ချိန်တွင် စက်တင်ဘာ ၂၁ ရက် ညသန်းခေါင် ၁၂ နာရီဝန်းကျင် အချိန်ရောက်ရှိနေပြီဖြစ်သည်။
  
အတိုအပြတ်ဝတ်ဆင်ခွင့် ပြန်ရသော ကာယအလှမယ်များ
    နှစ် ၃၀ ကျော်ကြာ မြန်မာ ၀တ်စုံ၊ အကျလက်ပြတ်၊ အထက်အောက် အရောင်ဆင်တူ ၀တ်စားဆင်ယင်မှုတစ်မျိုးတည်းသာ ၀တ်ဆင်ခဲ့ရသော ကာယအ လှ မယ်များကို ဘောင်းဘီအတို၊ အကျလက်ပြတ်ကိုပါ ပြန်လည် ၀တ်ဆင်ခွင့်ပြုလိုက်သည့် ၀တ်စုံသစ်ဖြင့် ပြည်တွင်းကာလအလှမယ်ပြိုင်ပွဲများအား ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ပြုလုပ်မည့် အိုလံ ပစ်နေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲများတွင် စတင်ကျင်းပနိုင်ရန် စီစဉ်နေပြီဖြစ်သည်။
အာရှဒုတိယ အဆင့်မြင့်ဆုံးပြိုင်ပွဲသို့ မြန်မာကလပ်များ စတင်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ
မြန်မာ့ဘောလုံးလောကအား ဆုကြေးစားစနစ်သို့ပြောင်းလဲပြီး သုံးနှစ်အကြာတွင် AFC Cup အာရှဘောလုံးအဖွဲ့ချုပ်ဖလားပြိုင်ပွဲသို့ မြန်မာကလပ် အသင်းနှစ်သင်း ၀င်ရောက်ယှဉ် ပြိုင်ခွင့်ရရှိတော့မည်ဖြစ်သည်။၂၀၁၂ AFC Cup ပြိုင်ပွဲသို့ ရန်ကုန်ယူနိုက်တက်နှင့် ဧရာဝတီ ယူနိုက်တက်နှစ်သင်းက မြန်မာ နိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ် ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော ကလပ်အသင်းဘောလုံးပြိုင်ပွဲများတွင် AFC Cup ပြိုင်ပွဲသည် ဒုတိယအဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်ပြီး၊ ကလပ်အသင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင်ခွင့် ပြုထားကာ ၂၀၀၄ ခုနှစ်မှစတင် ကျင်းပခဲ့ခြင်းဖြစ်သည်။
  
လှေလှော်အဖွဲ့ ဆယ်ပေးခဲ့သော မြန်မာ့ဂုဏ်သိက္ခာ
    (၂၆)ကြိမ်မြောက် အင်ဒိုနီးရှားဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ရရှိခဲ့သည့် ရွှေတံဆိပ် ၁၆  ခုအနက်  ရွှေတံဆိပ် ၁၀ ခု (ထက်ဝက်ကျော်)အား လှေလှော် အားကစားအဖွဲ့ကရယူပေးခဲ့သည်။မြန်မာအားကစားအဖွဲ့ရရှိ ခဲ့သည့် အဆင့် ၇ နေရာအတွက် လှေလှော်အဖွဲ့ ဆွတ်ခူးပေးခဲ့သည့် ရွှေတံဆိပ်များက အထောက်အကူများစွာ ဖြစ်စေခဲ့သည်။ ကျန်ရွှေတံဆိပ် ၆ ခုအနက်သုံးခုကို မြှားပစ်အားကစားနည်းနှင့် ဂျူဒို၊ ၀ူရှူးနှင့် ပိုက်ကျော်ခြင်းတို့က တစ်ခုစီရယူပေးခဲ့သည်။
၎င်းဆီးဂိမ်းပြိုင်ပွဲ ကျင်းပ ရက်ခြောက်ရက်မြောက်နေ့မှ မြားပစ်အားကစားဖြင့် ရွှေတံဆိပ်စတင်ရရှိခဲ့ကာ လှေလှော်အဖွဲ့က သိက္ခာဆယ်ပေးခဲ့ရသည့်အတွက် အိမ်ရှင်လက်ခံကျင်းပမည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင် သတိပေးမှုဖြစ်ခဲ့သည်။
ကြေးရောင်မျိုးဆက် ထွက်ပေါ်လာခြင်း
အားလုံးစိတ်ဝင်စားခဲ့သည့် မြန်မာဘောလုံးအသင်း၏ ၂၀၁၁ ခရီးစဉ်သည် ရလဒ်များဆိုးရွားခဲ့ပြီး အင်ဒိုးနီးရှားဆီးဂိမ်းပြိုင်ပွဲ၏ တတိယနေရာလုပွဲ၌ နောက်ပိုင်းနှစ်များတွင် မနိုင်တော့သည့် ဗီယက်နမ်အသင်းအား ၄-၁ ဂိုး ဖြင့် အနိုင်ယူကာ တတိယနေရာ ရရှိခဲ့မှုကြောင့် အသက်ရှူချောင်ခဲ့ရသည်။
ယခုကြေးတံဆိပ်ဆုရရန် ဘောလုံးအဖွဲ့ချုပ် အထူးပြင်ဆင်ခဲ့ရသည်။ ထိုအသင်းတွင် လူငယ်ကစားသမားများစွာ ပါဝင်လာသော်လည်း အသက်လိမ်ထားသော ကစားသမားအချို့လည်း ထုံးစံအတိုင်းပါဝင်သည်။ အသက် ၂၃ နှစ်အောက်အသင်းဟု ဆိုသော်လည်း ထိုအသင်းမှာ လက်ရှိတွင် မြန်မာနိုင်ငံ၏ အကောင်း ဆုံးအသင်းဟုလည်းဆိုကြသည်။ ကျပ်သိန်းပေါင်း သိန်းချီအကုန်အကျခံကျင်းပသော မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှ မွေးထုတ်ပေးသော ကစားသမားအချို့ ကြေးဆု ချိတ်အသင်းတွင် ပါဝင်ခဲ့သည်။

No comments:

Post a Comment