Monday, August 27, 2012

GSM နှစ်သိန်းဖုန်းများ စက်တင်ဘာရောင်းချမည့် သတင်းမမှန်


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဌားရမ်းသုံးစွဲခ ကျပ်နှစ်သိန်းတန် ဖုန်းများကို စက်တင်ဘာလ အတွင်း ထုတ်ပေးမည့် သတင်းများထွက်ပေါ်လျက် ရှိသော်လည်း ၂၀၁၂ ခုနှစ်ဆန်းပိုင်မှ သာ စတင်ရောင်းချနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက The Voice Weekly သို့ အတည်ပြုပြောကြားသည်။

"GSM နှစ်သိန်းဖုန်းတွေကို လာမည့် လပိုင်းမှာ ထုတ်ပေးမယ်ဆိုတဲ့ သတင်းဟာ မမှန်ပါဘူး" ဟု ၎င်းက ဆိုသည်။

GSM ဖုန်းများနှင့် ပတ်သက်ပြီး ယခင်ပြောခဲ့သည့် အတိုင်းယခု ဘဏ္ဍာရေးနှစ် အတွင်း မြန်မာတစ်နိုင်ငံလုံး ဖုန်းအလုံးရေ လေးသန်းသုံးစွဲနိုင်ရေး စီမံကိန်းစတင်ပြီး ငါးလအကြာတွင် စတင်ရောင်းချနိုင်မည်ဖြစ်၍ ကနဦး တပ်ဆင်ခများကိုလည်း ယင်းအချိန်မှသာ သတ်မှတ်ပေးနိုင်မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ဦးဇော်မင်းဦးက "ဖုန်းပြောဆိုခ ဈေနှုန်းတွေလည်း အရင်နှုန်းထားအတိုင်းဖြစ်ပါတယ်။ တိုးဖို့ လျှော့ဖို့ အစီအစဉ်မရှိသေးပါဘူး" ဟု ဆိုသည်။

ဆက်သွယ်ရေး သတင်းအချက်အလက်များနှင့် ပတ်သက်၍ ဆက်သွယ်ရေးဝန်ကြီးဌာန၏ Website နှင့် ရတနာပုံ Web Portal တို့တွင် သတင်းအသစ်များ အဆက်မပြတ်တင်ပေးလျက်ရှိကြောင်း၊ ယင်း Website များတွင် သတင်းအသစ်များ မရှိပါက အသစ်ပြောင်းလဲ လုပ်ဆောင်မှုမရှိ၍သာ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် GSM ဖုန်း အလုံးရေ လေးသန်း သုံးစွဲနိုင်ရေး စီမံကိန်းနှင့် အတူ ဖုန်းသုံးစွဲခကျသင့်ငွေများကို ဖုန်းသုံးစွဲသူ အချင်းချင်း ငွေလွှဲစနစ်ဖြင့် ထပ်မံငွေဖြည့်ပေးနိုင်သည့် စနစ်ကို စမ်းသပ်နေဆဲဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံစုံစမ်းသိရသည်။

No comments:

Post a Comment