Monday, August 27, 2012

ထိုင်း ၀န်ကြီးဌာနများ၏ လုပ်စားဂွင်များကြောင့် ဒုက္ခရောက်နေကြသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ

6/10/2012 11:30:00 AM | Labels:

အထက်ပါ ခေါင်းစဉ်နှင့် စာတစ်တန် ပေတစ်တန် ရေးလိုက်ခြင်းသည် ရင်ထဲတွင် အလွန်ကိုဖြင့် မခံစားနိုင်သောကြောင့် သာဖြစ်သည်။ မည်သူ့ကို အပြစ်တင်ရမှန်းမသိသောအခြေအနေသည် အဆိုးရွားဆုံးဖြစ်သည်။ ထို အဆိုးရွားဆုံး အဖြစ်အပျက်ကို မြ၀တီ နှင့် မယ်ဆောက်ရှိ ရွှေပြောင်းအလုပ်သမားများ နင့်နင့်နာနာခံစားနေရလေသည်။ မြ၀တီ ရှိ အာဏာပိုင် အဖွဲ့အစည်းများလည်းကောင်း၊ ကရင်ပြည်နယ် တွင် ၀န်ကြီးချူပ်လုပ်နေသာ ဦးဇော်မင်းသည် လည်းသိမည်မထင်ပါ... ထို့ကြောင့် အင်တာနက်စာမျက်နှာတွင် သမ္မတကြီးနှင့် ကရင်ပြည်နယ် ၀န်ကြီးချူပ် ဦးဇော်မင်း သိစေရန်အလို့ငှာ တင်ပြလိုက်ခြင်းဖြစ်ပါသည်။

       ယခု ခံစားနေရသော ဒုက္ခ၀န်ထုပ်ဝန်ပိုးကြီးသည် သင်္ကြန်အပြီးနှစ်ဆန်း ၃ ရက်နေ့လောက်မှ စတင်သည်ဆိုလျှင်ကားမှားမည်မထင်ပါ… အလုပ်သမားကုန်ကြမ်းပေါများသော မြန်မာနိုင်ငံ၏ အားနည်းချက်ကိုအခွင့်ကောင်းယူကာ ထိုင်းနိုင်ငံရှိ မယ်ဆောက်မြို့ ထေ့စ္စပန်းရုံး (မြို့နယ်စည်ပင်သာယာရုံး) မှ ထော်လော (ထိုင်းနိုင်ငံနေထိုင်ခွင့်) ကို စတင်ရိုက်ပေးခဲ့ပါသည်… စတင်ရိုက်သည့်ရက်တွင် မြန်မာပေါင်း ၆၀ ယောက်ကို ပင်ပင်ပန်းပန်းရောက်လာကာ  ရိုက်ခဲ့သော်လည်းပဲ ဘန်ကောက်က ရဲတွေ၏ ဘောလုံးပွဲရှိလို့ ဟူသော အကြောင်းပြချက်ဖြင့် မရိုက်ဖြစ်ဘဲ ပြန်လွှတ်ခဲ့ရာကစကာ ထို ထိုင်းနိုင်ငံ၏ နေထိုင်ခွင့် ပြဿနာအရင်းခံ စတင်ခဲ့ပါသည်။ 

သိတတ်နားလည်သော မြန်မာများနှင့် ထိုင်းလူကြီးများက ဒီလိုနေထိုင်ခွင့်ရိုက်ခြင်းသည် မဟုတ်မမှန်ကြောင်း၊ ဥပဒေနှင့်လည်း မကိုက်ညီကြောင်း ပြောပြခဲ့သောလည်း အများမိုးခါးရည်သောက် ကိုယ်လည်းအတူတူပင် ဟူသော အတွေးမျိုးနှင့် စတင်ကာ ရာဂဏန်း ခန့်ရှိသော မည်သည့်လတ်မှတ်မရှိသော ရွှေ့ပြောင်းအလုပ်သမားများစွာသည် ကားအသွယ်သွယ်ဖြင့် တစ်နေကုန်မလုပ်ဘဲ ညနေ ၅ နာရီနောက်ပိုင်းမှ ခိုးကြောင်ခိုးဝှက်ရိုက်ပေးသော ထိုင်းနိုင်ငံ၏ နေထိုင်ခွင့်စာရွက်ကို နေပူဒဏ်ခံ၊ အစာငတ်ခံ၊ နေပူလှန်းခံပြီးမှ မရရအောင် ဓာတ်ပုံရိုက်၊ လက်ဗွေနှိပ်ပြီး နေထိုင်ခွင့်စာရွက်များရခဲ့ပါသည်။ 


အလုပ်သမားခေါ်ခွင့်စာရွက်ရှိသူ အလုပ်ရှင် သူဌေးများ၏ ဘိုင်ကိုတာများကို အမြတ်ဖြင့် ၀ယ်ယူကာ မြန်မာနိုင်ငံသား အလုပ်သမားများအပေါ်အခွင့်ကောင်းယူပြီး မတန်မဆဈေးနှူန်းဖြင့် ရုံးကအရာရှိဖြင့် ပေါင်းကာ ထို နေထိုင်ခွင့်စာရွက်များကို ရိုက်ပေးခဲ့ပါသည်။ထို ထော်လော (နေထိုင်ခွင့်) စာရွက်များသည် ရုံးက အမှန်တကယ်ရိုက်ပေးသော နှူံးသည် 

ဘတ် ၈၀ ဖြစ်သောလည်းပဲ စရိုက်သည့်နေ့ကစကာ ဘတ် ၃၅၀၀ နှင့် ဈေးဖွင့်ကာ နောက်ဆုံး ရက်များတွင် ဘတ် ၆၀၀၀ ထိဖြစ်ခဲ့ပါသည်။ မည်သို့ပင်ဈေးတက်ပြီး ရိုက်ပေးသော်လည်းပဲ အေးဂျင့်များနှင့်  လာရိုက်သော ရွှေ့ပြောင်းအလုပ်သမားများသည် များသထက်ပင်များလာသည်ကို အံ့သြဖွယ်ရာ တွေ့ရှိခဲ့ပါသည်။

               

 ပြုလုပ်ပေးသော အေးဂျင့်များကမူ ထိုင်းအလုပ်သမားရုံး ကလုပ်ပေးသော နေထိုင်ခွင့်စာရွက်များကို ထိုင်းဆေးရုံက ဆေးစစ်ခွင့်ပေးပါ့မလားဟု စိုးရိမ်သောလည်းပဲ အခက်အခဲမရှိ ပိုက်ဆံလမ်းခင်းကာ ပြီးသွားခဲ့သည်… သို့နှင့် ထိုင်းအလုပ်သမားရုံးက ဒီစာရွက်တွေကို အသိအမှတ်ပြုပါ့မလားဟု သံသယစိတ်ကလည်း ရုံးပေါ်တွင် ပိုက်ဆံမျက်နှာဖြင့်ပင် အရာအားလုံး ဖြတ်သန်းသွားခဲ့သည်။ နောက်ဆုံး ဘန်ကောက်ရှိ ရုံးကိုပို့ပြီး အစစ်ခံသောလည်းပဲ အခက်အခဲမရှိ ဂဠုန် တံဆိပ်များ တံဆိပ်တုံးများဖြင့် ( မဟာထိုင်၊ စံချောင်းနှင့် မောင်တော ) စာရွက်များ ရရှိလာခဲ့သည်။

              

သို့နှင့် ထိုင်းနိုင်ငံရှိ ရုံးအားလုံးက လက်ခံလိုက်ပြီး ချပေးလိုက်သော ထော်လော ( နေထိုင်ခွင့် ) စာရွက်များကို ချစ်ကြည်ရေး တံတားဘေးရှိ ထိုင်း တောမောင်းရုံး ( လ၀က ရုံး ) က လက်မခံလေပြီ… တရား မ၀င်ဟုဆိုကာ ထိုစာရွက်များအားလုံး ပယ်ခဲ့လေသည်… 


ဤတွင် မြန်မာ အေးဂျင့်တာဝန်ခံများသည် ထို လ၀က အရာရှိကို သွားရောက်ညှိ လာဘ်ထိုးသည်ကိုပင် လက်မခံသည်ဟုသိရသည်… တစ်ရက်မရလျှင် ဒါတောမောင်းအရာရှိ ပိုက်ဆံမစားတတ်သေးပါ ဟူသော ယူဆချက်များဖြင့် ပတ်စ်ပို့ ရမည်ဟု တာဝန်ခံရိုက်ပေးထားသော ကုမ္မဏီများ ၀ိုင်းကာ ဖြောင့်ဖျပြောဆိုကြပေမယ့် မရရေးချမရခဲ့ပါ…

                   

 ဒါဆိုရင် ဘာကြောင့် တောမောင်းအရာရှိက လတ်မှတ်မထိုးသလဲဟူသော မေးခွန်းကို အောက်ပါအတိုင်း လ၀က ရုံးထဲက ထိုင်းဝန်ထမ်းများ ဖြေဆိုခဲ့ကြပါသည်…

(၁) ယခုနှစ် ထိုင်း သက္ကရာဇ် ၂၅၅၅ ခုနှစ်တွင် မည်သည့်နေထိုင်ခွင့်ကို မှ ရိုက်ပေးခြင်းကို ခွင့်ပြုထားခြင်းမရှိသေးပါ…ထို့ကြောင့် အထက်ရုံးက ခွင့်ပြုချက်မလာမချင်း ဒီ နေထိုင်ခွင့်များကို ဆိုင်းငံ့ထားပါမည်…

(၂) သို့ပေမယ့် ယခု ထိုင်းနေထိုင်ခွင့် ထော်လောသည် ၂၅၅၄ ခုနှစ် က အလုပ်သမားဖြစ်ကြောင်း ရေးထားပါလျှက် ဘာကြောင့်လတ်မှတ်မထိုးပါသလဲဆိုသော မေးခွန်းကို … ?

         နေထိုင်ခွင့်သည် ၂၅၅၄ ခုနှစ် လို့ရေးထားပေမယ့် နေထိုင်ခွင့်စာရွက်ပိုင်ရှင် ကို ဓာတ်ပုံရိုက်ထားသော ရက်စွဲသည် ၂၅၅၅ မှ ရိုက်ထားခြင်းကြောင့် တရားမ၀င်သည်ဟု သိရသည်… ၂၅၅၄ မှ အလုပ်သမားသည် ၂၅၅၄ တွင်ပင် ဓာတ်ပုံရိုက်ရမည်ဟု ပြောဆိုခဲ့သည်…

ထို့ကြောင့် အဆိုပါ နေထိုင်ခွင့်စာရွက်သည် ဥပဒေကို လက်တလုံးခြား လှည့်စားထားခြင်းသာဖြစ်သည်ဟု ပြောဆိုခဲ့သည်။

(၃)  ဒီထက် ပိုဆိုးသည့်အချက်သည် နေထိုင်ခွင့်ပါ ဓာတ်ပုံသည် ကိုယ့်ဓာတ်ပုံတော့ဖြစ်နေပါလျှက်နှင့် တခြား သူနာမည်၊ အသက်၊ တခြားသူ၏ မွေး မိခင်၊ ဖခင် နာမည်တို့ဖြစ်နေခြင်းသည် လိမ်လည်ခြင်းသာဖြစ်သည်ဟု တော်မောင်းအရာရှိက နောက်ဆုံး စိတ်တိုတိုနှင့် ပြောခဲ့ခြင်းဖြစ်လေသည်။


 

        ထိုသို့ တောမောင်းအရာရှိ တင်းခံနေခြင်းကြောင့် ပြဿနာသည် သေးသွားသည်တော့မဟုတ်ပေ… ပို၍ပင် ကြီးထွားလာလေသည်… ပတ်စ်ပို့ရမည်ဟု အာမခံချက်ဖြင့် လုပ်ပေးထားသော ကုမ္မဏီများနှင့် အေးဂျင့်များသည် တာဝန်ယူထားသော ဆယ်ဂဏန်း၊ ရာဂဏန်း မျှသော အလုပ်သမားများကို တာဝန်ယူ ကျွှေးမွေးထားရလေသည်။ တစ်လလောက်နှင့် ပတ်စ်ပို့ရမည်ဟု သိထားသော ရာနှင့်ချီသော တိုင်းရင်းသားပေါင်းစုံ မတစ်ထောင်သားများသည်လည်း တစ်ပတ်ပြီး တစ်ပတ် တစ်လ ပြီးတစ်လ ကြန့်ကြာနေကာ မြ၀တီတွင် ပြဿနာမျိုးစုံကိုရင်ဆိုင်ရတော့သည်။

       တာဝန်ယူ လုပ်ကိုင်ပေးသော အေးဂျင့်များနှင့် စောင့်ရသည်ကို မကျေမနပ်ဖြစ်လာသူ အလုပ်သမားတို့အကြား ကတောက်ကဆတွေ ဖြစ်လာစဉ်တွင်  ၀ိသမလောဘသား (၂) ယောက်က မူ ၀င်ငွေအတော်ကိုဖြောင့်ကာ သူတော်ကောင်းကြီး နှင့် ကယ်တင်ရှင်ကြီးသဖွယ် နေရာ ယူလာကြသည်။

ပထမ လောဘသားက …… ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာအုပ်ချူပ်ရေးမှူးများ၊ စအဖများနှင့် မြ၀တီ ရဲစခန်းက ရဲများပင်ဖြစ်တော့သည်။ ဖြစ်လာသော ပြဿနာများကို ကြီးသည်၊ ငယ်သည်မသိ လူကုန်ကူးသည်။ လူရောင်းစားသည်။ ပုဒ်မ အကြီးကြီးများတပ်ကာ သွေးစုပ်ဖုတ်ကောင်များလို ဂုတ်သွေးဝိုင်း စုပ်ကြတော့သည်။မကျေနပ်သူ တရားလိုအလုပ်သမားများဘက်က အမူကို ပိတ်လိုက်ပါပြီ ဟုပြောသည့်ကြားကပင် မြ၀တီမြို့နယ်ရဲစခန်းရုံးက ပြည်သူ့ရဲများကတော့ စားဂွင်တစ်ဂွင်လွတ်မည်စိုး၍ ကိုယ်တိုင် တရားလိုလုပ်ပြီး အမူကို မပိတ်ပေးပေ….

ပြဿနာများပြီးသွား၍ အရင်းခံစစ်လိုက်သည့်အခါတွင်တော့ တာဝန်ယူလုပ်ပေးသော အေးဂျင့်လည်း မသေရုံတမယ်ခံစားရပြီး ငွေလည်းကုန်၊ စီးပွားလည်းပျက်ဖြစ်ရပြီး တနယ်တစ်ကျေးမှ ရောက်ရှိလာသော အလုပ်သမားများသည်လည်းပါလာသောပိုက်ဆံများလည်းကုန်၊ကိုယ့်ကိုလုပ်ပေးနေသော

 အေးဂျင့်ကိုယ်တိုင်ပင်   သေမလောက်ခံစားရသည်ကို တွေ့လိုက်သော သူတို့ခဗျာမှာ မြ၀တီ၏ ဒုက္ခကို ဒီလောက်နှင့်သာ ကျေနပ်ပါတော့မည်ဟု အထုပ်ပိုက်ကာ ကိုယ့်ရပ်ရွာကို သာ ပြန်ကြရလေသည်…

      

 ဒုတိယ ၀ိသမလောဘသားများကမူ …………….  ဒီလောက်ခက်နေသည့် ထော်လော (နေထိုင်ခွင့်) များကို တော်မောင်းရုံးများက လတ်မှတ်ရအောင်ယူကာ ပတ်စ်ပို့ကို ၂ ရက် အတွင်း ပြီးအောင်လုပ်ပေးခြင်းဖြင့် မသိနားမလည် ဘန်ကောက်တက် အလုပ်ရလျှင်ပြီးရောဆိုသည့် မြန်မာအလုပ်သမားများအပေါ် ဂုတ်သွေးစုပ် အမြတ်ထုတ်ကြလေသည်။ တောမောင်းရုံးက လတ်မှတ်ရအောင်ယူလိုက်သည့်နည်းက တော့  ကွန်ပြူတာ ဆော့ဖ်ဝဲများဖြင့် ရိုက်ထားသော ဓာတ်ပုံအောက်တွင် ပြဿနာတက်နေသော 

၅ ကို ၄ ပြောင်းရုံဖြင့် ပတ်စ်ပို့များကို မြန်မြန်ဆန်ဆန်ထုတ်ပေးလေတော့သည်... ပြီးလျှင် တစ်စုံတစ်ခုဖြစ်ပြီဟု အသံကြားရုံမျှဖြင့် ထိုသူသည် ပျောက်ခြင်းမလှပျောက်သွားပြီး ကျန်ခဲ့သော အလုပ်သမားများကမူထောင်ကျသူကကျ၊ ပိုက်ဆံ ဆုံးသူက ဆုံးနှင့်  သစ်ကိုင်းလွတ်သွားသော မျောက်တစ်ကောင်လို ကျန်ရစ်ခဲ့လေတော့သည်…

          ထိုသို့ပြဿနာများ ကြီးမားစွာဖြစ်နေခြင်းသည် ထိုင်း ၀န်ကြီး ဌာနများ၏ ရိုက်စားဂွင်များဖြင့် လုပ်ပေးခြင်းကြောင့်ဖြစ်ရပြီး အောက်က လုပ်ပေးနေသော ကုမ္မဏီများနှင့် အေးဂျင့်များသည် ထိုသို့ ကိုယ်လုပ်ပြီး ကိုယ်တာဝန်မယူသော ထိုင်း ၀န်ကြီးဌာနများကို တာဝန်ယူလာစေရန် မည်သို့မျှ တတ်စွမ်းနိုင်မည်မဟုတ်ပါ… ထိုင်း - မြန်မာ အစိုးရပူးတွဲလုပ်ဆောင်နေသော ရွှေပြောင်းအလုပ်သမားများ လွယ်ကူစွာလတ်မှတ်ရရှိရေးအတွက်လုပ်ဆောင်နေကြသော မြန်မာအာဏာပိုင်အရာရှိများသည် ရာနှင့်ချီ ဒုက္ခရောက်နေကြသော အလုပ်သမားများ၏ ပြဿနာကို ကြားဝင်ရပ် ဖြေရှင်းပေးသည့်ပါသည်ဟု အဆိုပါ ဆောင်းပါးဖြင့် တိုက်တွန်းအပ်ပါသည်….

(ဖြေရှင်းရန်နည်းလမ်း)

  ကိုယ့်မြန်မာအလုပ်သမားများကို ငွေမျက်နှာတစ်ခုတည်းမကြည့်ဘဲ မှန်ကန်စွာလုပ်ဆောင်ပေးနေသော အေးဂျင့်များက အလုပ်သမားများအတွက် ဖြေရှင်းရန်အတွက် အချက် (၃) ချက်ကို မြ၀တီရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလိမ်မခံရအောင် ဖော်ပြပေးလိုက်ပါတယ်…

(၁) နောက်ဆုံးရသည့်သတင်းများအရ မယ်ဆောက်ရှိ တောမောင်းရုံးက မထိုးပေးသည့်လတ်မှတ်ကို ဘန်ကောက်ရုံးချူပ်လတ်မှတ်ထိုးပေးမည်ဟု ပြောဆိုကြပြီး ထို ထော်လော အသစ်များကို ကိုင်ထားသော အလုပ်သမားများကို ဘန်ကောက်သို့ ခေါ်ဆောင်သွားပြီး တရားဝင် ပတ်စ်ပို့ ကိုင်ဆောင်ရအောင် ကြိုးစားလျှက်ရှိသည်… ထိုသို့ကြိုးစားရာတွင် ကုန်ကျမူများသည် ၂၅၀၀ ဘတ် မှ ၄၀၀၀ ဘတ်အထိရှိနိုင်ကြောင်း သိရသည်။

(၂) ပိုက်ဆံအခက်အခဲရှိပြီး ထော်လောကိုင်ဆောင်ထားသော အလုပ်သမားများကိုမူ မယ်ဆောက်ရှိ တောမောင်းရုံးတွင်ပင် ဖြတ်သန်းခွင့် ရအောင် ဆက်လက်ကြိုးစားနေလျှက်ရှိကြောင်းသိရသည်…

(၃) နောက်ဆုံး မည်သို့မှ မရသည့်အဆုံးတွင် ထိုင်းနိုင်ငံမှ ၂၅၅၅ ထော်လောအသစ်ရိုက်မည့်နေ့ အထိစောင့်ပြီး ပတ်စ်ပို့ လုပ်ကြရန်သာဖြစ်တော့သည်…

မြန်မာ ရွှေပြောင်းအလုပ်သမားများ စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာကြပါစေ…

မြန်မာ ရွှေပြောင်းအလုပ်သမားများ ၀ိသမလောဘသား (၂) မျိုးဘေးမှ ကင်းဝေးကြပါစေ…


မြန်မာ ရွှေပြောင်းအလုပ်သမားများ တရားဝင် ပတ်စ်ပို့ကိုင်ဆောင်ပြီး စိတ်ချမ်းသာနိုင်ကြပါစေ…

ကိုသီလ   (U.V.I)


    No comments:

    Post a Comment