Thursday, August 23, 2012

၂၀၁၅ ခုနှစ်ရောက်မှသာ နိုင်ငံပိုင်ရုပ်သံမီဒီယာများမှ လွှတ်တော် အစည်းအဝေးများကို တိုက်ရိုက်ထုတ်လွှင့်နိုင်မည်

၂၀၁၅ ခုနှစ်ရောက်မှသာ နိုင်ငံပိုင်ရုပ်သံမီဒီယာများမှ လွှတ်တော်
အစည်းအဝေးများကို တိုက်ရိုက်ထုတ်လွှင့်နိုင်မည်


23/Aug/2012

E-Mail this article Printable Version
လက်ရှိ ကျင်းပလျက်ရှိသော လွှတ်တ်ာအစည်း အဝေးများကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့် ပေးနိုင်ခြင်း မရှိသေးဘဲ ၂၀၁၅ ခုနှစ်ရောက်မှသာ နိုင်ငံပိုင် ရုပ်သံမီဒီယာများမှ တိုက်ရိုက်ထုတ်လွှင့်ရန် အစီအစဉ်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်းက သြဂုတ်လ ၂၂ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် မေးမြန်းသည့် ''လွှတ်တော် အစည်းအဝေးများ၏ ဆွေးနွေးချက်များကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ'' မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ပြီးနောက် ဦးသိန်းညွန့်က ဆက်စပ်မေးခွန်းအဖြစ် ''အာဖရိကတိုက်မှာ အဆိုးရွားဆုံး နိုင်ငံလေးမှာတောင် လွှတ်တော်ရဲ့ ဆွေးနွေးချက် အခင်းအကျင်းတွေကို တိုင်းရင်းသား ဘာသာစကားတွေနဲ့တောင် ဘာသာပြန်ပြီးတော့ ထုတ်လွှင့်ပေးနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ၂၆ ရာခိုင်နှုန်းသော ပြည်သူလူထုဟာ ဆင်းရဲမွဲတေမှု အောက်မှာ ရောက်နေပါတယ်။ အဲဒါကြောင့် သူတို့ လွယ်လင့်တကူ ကြည့်နိုင်တဲ့ မြန်မာ့ ရုပ်မြင်သံကြားက ထုတ်လွှင့်ပေးနိုင်အောင် ပြန်ကြားရေး ၀န်ကြီးဌာန အနေနဲ့ စတုတ္ထအကြိမ်မှာ မလုပ်နိုင်ဘူးဆိုရင် ပဉ္စမအကြိမ်မှာ လုပ်နိုင်ဖို့ ပြန်ကြားရေး ဝန်ကြီးဌာနက စွမ်းဆောင်နိုင်ပါသလား။ ဒီမေးခွန်းလေးကိုတော့ ပြည်သူလူထု သိရှိဖို့အတွက် လွှတ်တော် ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ထပ်ဆင့် မေးရခြင်း ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်'' ဟု ထပ်မံမေးမြန်းရာတွင် ၀န်ကြီးက ဖြည့်စွက် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုပ်သံလိုင်းများကို analog စနစ်ဖြင့် ထုတ်လွှင့်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်တွင် လွှတ်တော် အစည်းအဝေးများ၏ ဆွေးနွေးချက်များကို တိုက်ရိုက် ထုတ်လွှင့်ပေးရန် အစီအစဉ် မရှိကြောင်း၊ ရုပ်သံစနစ်များကို ၂၀၁၅ ခုနှစ်မှသာ digital စနစ်သို့ ပြောင်းလဲရန် ရှိကြောင်း၊ ထိုအခါ Free To Air ရုပ်သံလိုင်းများ ၁၅ လိုင်းအထိ တိုးချဲ့ထုတ်လွှင့်နိုင်မည် ဖြစ်ပြီး ထိုအခါမှသာ လွှတ်တော် ကိုယ်စားလှယ်ကြီး မေးမြန်းချက်ကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment