Thursday, August 23, 2012

အန္တရာယ်များသော စီးပွားရေး (Risky Business)

အန္တရာယ်များသော စီးပွားရေး (Risky Business)


“ဒီမှာ ခင်ဗျား သတ်မလား။ ဒါမှမဟုတ် အသက်ခံမလား။ တခြားရွေးစရာ ဘာမှမရှိဘူး။ ဒါပဲရှိတယ်”  ၁၉၈၃ ခုနှစ်က တွက်ခဲ့သော “ကုန်သွယ်ကြရာ နေရာများ” (Trading Places) ရုပ်ရှင်ထဲမှ ဇာတ်ကောင် တစ်ယောက်၏ ပြောစကား ဖြစ်ပါသည်။ ဤစကားသည်ပင် ယနေ့ ဘိဇနက်လောက၏ သရုပ်သကန်ကို ကွက်တိ ဖော်ပြသော စကားဟု ဆိုကြသည်။ အန္တရာယ်များသော ဘိဇနက်လောက ဆိုပါစို့။ ဘေးအန္တရာယ် ခွဲဖြန့်ရေး “ကြိုရောင်း ကြိုဝယ်ဈေးကွက်” (futures) နှင့် “စိတ်ကြိုက်ဈေးကွက်” (options) (ဤနှစ်ခုလုံးကိုပင် “အဆွယ်အပွား ဈေးကွက်” (derivatines) ဟုလည်း ရည်ညွှန်းလေ့ ရှိကြသည်။) တို့မှာ ရှိရှိသမျှ ဈေးကွက်များထဲတွင် အန္တရာယ် အကြီးဆုံးဖြစ်သလို အကျိုးအမြတ် အများဆုံးလည်း ဖြစ်နေပါသည်။ သို့နှင့်အမျှ ကုမ္ပဏီများရော ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများကပါ ကိုယ်ပိုင် အတွက်အချက် ကိုယ်စီဖြင့် ဤဈေးကွက်များတွင် စွန့်စားရင်းနှီး မြှုပ်နှံလေ့ရှိကြသည်။ သူတို့ဝယ်ရောင်း လုပ်ကြသည်မှာ စတော့ရှယ်ယာ၊ ဘောင် (ဒ) စာချုပ်များနှင့် ငွေကြေးသာမက သတ္တုနှင့် အခြားရောင်းကုန် ပစ္စည်းများအပြင် အိမ်ခြံမြေ အထိပင်ဖြစ်သည်။ ဤသို့ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များ အနေနှင့် အန္တရာယ်ကို အရင်းတည်ပြီး စွန့်စားရင်းနှီး မြှုပ်နှံနေကြသည်မှာ သာမန် လောင်းကြေးထပ်ရုံ သက်သက်မျှ မဟုတ်။ အရေးကြီးသော စီးပွားရေး ရည်ရွယ်ချက် တစ်ရပ်အတွက်ပါ ဖြစ်ပါသည်။

ရှောင်လွှဲမရနိုင်သော “အန္တရာယ်ကို ခွဲဖြန့်ထားနိုင်ရေး” (Redistributing risk) ဖြစ်သည်။ ဘယ်လိုမှ ကြိုတင်ခန့်မှန်းလို့ မလွယ်လောက်အောင် ဧကန်မဲ့မှုများ ပြည့်လျှမ်းနေသော ယနေ့ကမ္ဘာကြီးတွင် မရေမရာ မသေချာမှုများကို ရှောင်မရသည့် အတူတူ ဖြစ်တန်ရာ အန္တရာယ်ကို ခွဲဖြန့်ထားသည်က ပို၍ ခုသာခံသာ ရှိလိမ့်မည်ဟု သူတို့က ယူဆကြသည်။ ဥပမာ သင်သည် လယ်ယာထွက်ကုန်ကို ကုန်ကြမ်းအဖြစ် အသုံးပြုသော ထုတ်လုပ်ရေးသမားတစ်ဦး (ဆိုကြပါစို့ လိမ္မော်ရည် စက်ရုံပိုင်ရှင်) ဆိုပါစို့။ နှစ်တစ်နှစ်၏ အစပိုင်းတွင် လိမ္မော်သီးထွက် မည်၍မည်မျှ ရှိလိမ့်မည်ကို တိတိပပ ခန့်မှန်းလို့ ရနိုင်သည် မဟုတ်ပါချေ။ အကယ်၍ စိတ်ပျက်စရာ ကောင်းလောက်အောင် သီးထွက်ညံ့လျင် လိမ္မော်သီးဈေးတောင် တက်သွားပေလိမ့်မည်။ သီးထွက်ကောင်းလျင်မူ လိမ္မော်သီး ဆပ္ပလိုင်းများ၍ ဈေးကျပေလိမ့်မည်။ သီးထွက် ကောင်းမကောင်း ကြိုမသိနိုင်သော အခြေအနေတွင် သင်ဘာလုပ်မည်နည်း။ သင့်အတွက် နှစ်ဘက် ခွထားသည်ကသာ အကောင်းဆုံး ဖြစ်နိုင်ပါသည်။ လိမ္မော်သီး မထွက်မီ နွေရာသီလောက် ကတည်းက သတ်မှတ် ဈေးနှုန်းဖြင့် ကြိုတင် ဝယ်ယူထားဖို့ ဖြစ်သည်။ အကယ်၍ သီးထွက်ကောင်းပါက သင် ကြိုပေးသော ဈေးထက် ပိုနည်း၍ နစ်နာမှု ရှိသလောက် ရှိနိုင်သော်လည်း သီးထွက်ညံ့ပြီး ဈေးမြောက်နေလျင်မူ သင့်အတွက် အကျိုးများပါလိမ့်မည်။ အရောင်းအဝယ် အလုပ်၏ တစ်ဖက်ကို ကြည့်ပြန်လျင်လည်း လိမ္မော်စိုက် တောင်သူများအနေနှင့် သီးထွက် အခြေအနေ မည်သို့ပင်ရှိစေ ခြေမဲ့လက်မဲ့မဖြစ်ပဲ အထိုက်အသင့် ဝင်ငွေရနိုင်စရာ ရှိသည်။ ဤနည်းမှာ မှန်းဆချက်အတိုင်း ဖြစ်လျင် အမြတ်ကြီး မြတ်နိုင်ပြီး မဖြစ်ခဲ့လျင် အရှုံးကြီး မရှုံးနိုင်သော နည်းဖြစ်၍ ဘေးအန္တရာယ်ကို ခွဲဖြန့်ထားရာ ရောက်ပါသည်။

စွန့်စားရင်းနှီး မြှုပ်နှံမှုနှင့် ရိုးရိုး ရင်းနှီးမြှုပ်နှံမှု

ဈေးကွက်တစ်ခု အသက်ဝင် လည်ပတ်လာစေရန် စွန့်စား လုပ်ကိုင်လိုသော ပလေယာများ ရှိဖို့လိုသည်။ ဤအချက်ကြောင့်ပင် စီးပွားရေးတွင် “စွန့်စားရင်းနှီး မြှုပ်နှံသူများ” (Speculators) ၏အခန်းကဏ္ဍ အရေးကြီးလာခြင်း ဖြစ်ပါသည်။ ကြိုရောင်းကြိုဝယ် ဈေးကွက်များကို ကြည့်လိုက်လျင် အကြမ်းအားဖြင့် ပလေယာများ၏ တစ်ဝက်လောက်မှာ သေချာအောင် နှစ်ဘက်ခွ လုပ်ကြသူတွေ ဖြစ်သည်။ ကျန်တစ်ဝက်ကမူ ဈေးနှုန်း အတက်အကျကို ကြည့်ပြီး လောင်းကြေးထပ်ဖို့ ကြိုးစားကြပါသည်။ ဤအုပ်စုကို “စွန့်စားရင်းနှီး မြှုပ်နှံသူများ” ဟု ခေါ်ခြင်းဖြစ်သည်။ ဤသို့ စွန့်စားရင်းနှီး မြှုပ်နှံသူများမှာ လူပုဂ္ဂိုလ်များ ဖြစ်နိုင်သလို ကုမ္ပဏီများလည်း ဖြစ်နိုင်ပါသည်။ “အကာအရံ ရံပုံငွေအဖွဲ့များ” (hedge funds)၊ “ပင်စင်ရံပုံငွေ အဖွဲ့များ” (Pension funds) စသည်တို့ ဖြစ်သည်။ အဆိုပါ စွန့်စားရင်းနှီး မြှုပ်နှံသူများမှာ ရေရှည်အမြင် ပိုရှိသော “ရိုးရိုးရင်းနှီး မြှုပ်နှံသူများ” (investors) နှင့်မတူပါ။ The Intelligent Investor ကျမ်းကို ပြုစုသူ ဆင်ဂျာမင်ဂရေဟမ်က ဤခြားနားချက်ကို ယခုလို ဖော်ပြပါသည်။

“ရင်းနှီးမြှုပ်နှံသူနှင့် စွန့်စားရင်းနှီး မြှုပ်နှံသူကြား လက်တွေ့ကျသော ခြားနားချက်ကို စတော့ဈေးကွက် လှုပ်ရှားမှုများနှင့် ပတ်သက်သော သူတို့၏ သဘောထားတွင် တွေ့နိုင်ပါသည်။ စွန့်စားရင်းနှီးမြှုပ်နှံသူ၏ အရင်းခံ စိတ်ဝင်စားမှုမှာ ဈေးကွက် အတက်အကျများကို ကြိုတင်မှန်းဆပြီး အမြတ်ရယူနိုင်ရေး ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူ၏ အရင်းခံ စိတ်ဝင်စားမှုကမူ သင့်တင့်လျှောက်ပတ်သော အစုရှယ်ယာများကို သင့်လျှော်သော ဈေးနှုန်းဖြင့် ရယူကိုင်ထားနိုင်ရေး ဖြစ်သည်။” ဤလမ်းကြောင်း နှစ်ခုလုံးဖြင့် ချမ်းသာကြွယ်ဝ နိုင်စရာ ရှိပါသည်။ ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး ရင်းနှီးမြှုပ်နှံသူမှာ ဝါရင်းဟားဖက်ဟု ဆိုပါသည်။ ၂၀၀၈ ခုနှစ်က Forbes မဂ္ဂဇင်းက သူ့ကို ကမ္ဘာ့အချမ်းသာဆုံး အဖြစ် အမှတ်ပေးခဲ့သည်။ ထိုစဉ်က သူ၏ အရပ်ရပ်ဝင်ငွေမှာ ဒေါ်လာ ၆၂ ဘီလျံဟု ဆိုသည်။ ထိုသည်၏ နောက်တွင်မူ ဘဏ္ဍာရေး အကျပ်အတည်း၏ သက်ရောက်မှုကြောင့် သူ၏ ဓနမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။ အကျော်ကြားဆုံး စွန့်စားရင်းနှီး မြှုပ်နှံသူမှာ ဂျော့ဆိုးရော့ဟု အဆိုရှိပါသည်။ ရှယ်ယာ ဈေးနှုန်းအစ၊ ကုန်စည်များအလယ်၊ ငွေကြေးအဆုံး အရာအားလုံးကို စွန့်စားရင်းနှီး မြှုပ်နှံခြင်းဖြင့် ဒေါ်လာ ၉ ဘီလျံ ဖန်တီးနိုင်သည်ဟု ဆိုသည်။

အကြွင်းသုည ဂိမ်းစီးပွားရေး

ဂလိုဘယ်သဘော ပို၍ ဆောင်လာသည်နှင့်အမျှ ဈေးကွက် မတည်ငြိမ်မှုများမှာ ပို၍ပို၍ အနှံ့အပြား သဘောဆောင်လာပါသည်။ ဤအချက်ကို ကမ္ဘာ့ရေနံ ပေါက်ဈေးက အထင်အရှား ဖော်ပြလျက် ရှိပါသည်။ ရာစုသစ် အဝင်က ရေနံဈေးမှာ တစ်စည်လျင် ၂၅ ဒေါ်လာမျှသာ ရှိပါသည်။ ၂၀၀၀ မှ ၂၀၀၅ ခုနှစ် အတွင်းတွင်မူ ဒေါ်လာ ၂၀ မှ ၄၀ ကြား ရှိခဲ့သည်။ ထိုသည်၏ နောက်တွင်မူ ဒေါ်လာ ၆၀၊ ဒေါ်လာ ၈၀ မှ နောက်ဆုံး ဒေါ်လာ ၁၄၀ အထိ မြောက်သွားခဲ့သည်။ ၂၀၀၈ စီးပွားရေး အကျပ်နှင့် ရင်ဆိုင်ရသော အခါတွင်မူ အကျဘက်သို့ ပြန်ရောက် သွားပြန်သည်။ ဤသို့ ဈေးအတက်အကျများ စိတ်လာရာ စွန့်စားရင်းနှီး မြှုပ်နှံကြရာ အဆွယ်အပွား ဈေးကွက်များမှာ ကာဆီနို လောင်းကစားဝိုင်းနှင့် တူလာသည်။ ပေါက်သူတွေ ရှိသလို ကွဲသူများလည်း ရှိသည်ဖြစ်၍ အကြွင်းသုည ဂိမ်းသဘောမျိုး ဆောင်လာသည်။ သို့နှင့်တိုင် ဤဈေးကွက်များမှာ ခေတ်သစ်စီးပွားရေး ယန္တရားကြီး၏ မရှိမဖြစ် အရေးပါသော ခွေးသွားစိတ်များလည်း ဖြစ်နေပြန်သည်။ ဤသည်ပင် အန္တရာယ်များသော စီးပွားရေး၏ အရင်းခံ အကြောင်းတရားတစ်ခု ဖြစ်ပါသည်။

No comments:

Post a Comment